Sunday, May 19, 2013

.....ကမ်းဝေးငှက်၏သစ္စာ.......


Credit to Winhtut Oo
.....ကမ်းဝေးငှက်၏သစ္စာ.......

ကိုယ့်လမ်းကိုကိုယ်ဖောက်
ကိုယ့်ခြေထောက်နဲ့ ကိုယ်လျှောက်
ငါဟာအတောင်ပံတွေကိုငွားငွားစွင့်ရင်း
ပင်လယ်ကိုရောက်အောင်လာခဲ့ပြီ...။

နေ၀င်ချိန်နေထွက်ချိန်ကိုကြည့်
လှိုင်းကလေးစီး အုန်းရေလေးသောက်
ကျောက်ဆောင်ပေါ်အလှဓာတ်ပုံရိုက်
ကမ်းခြေကနေလှည့်ပြန်သွားရမယ့်
ခဏတာအပန်းဖြေရာ
ပင်လယ်ဟာငါ့အတွ့က်မဟုတ်......။

မာနကိုခြေမှာနင်း
မျှော်လင့်ခြင်းကိုကိုက်ချီ
လွမ်းဆွတ်မှု့ ဝေဒနာရင်မှာလွယ်
တာဝန်နဲ့ ဝတ္တရားကိုကျောပေါ်မှာထား
ပင်လယ်ရဲ့အလွန် သမုဒ္ဒရာအလယ်
ပန်းတိုင်ကိုရည်ရွယ်
ရဲရင့်ခြင်းကိုနှလုံးသွင်း
ဒုက္ခကိုစီးချင်းထိုးလို့ 
ငါဟာ မိုင်ပေါင်းထောင်သောင်းချီ
ပျံလေသည့် ကမ်းဝေးငှက်.................။

နေရှိန်ပြင်းလို့ ငါ့မှာနားပိုင်ခွင့်မရှိ
ရေခဲမှတ်အောက်ရောက်နေလို့ ငါ့မှာနားပိုင်ခွင့်မရှိ
လှိုင်းတံပိုးတွေကြီးလို့ ငါ့မှာနားပိုင်ခွင့်မရှိ
လေပြင်းမုန်တိုင်းတိုက်လို့ ငါ့မှာနားပိုင်ခွင့်မရှိ
ထို့ ထက်ပို၍ အတောင်ညောင်းလို့ ငါ့မှာနားပိုင်ခွင့်မရှိ......။

အပူရှိန်ပြင်းလို့ ငါ့ခန္ဓာမီးဟုန်းဟုန်းတောက်လောင်ပါစေ
ချမ်းအေးလွန်းလို့ ငါ့ခန္ဓာရေခဲပြင်နဲ့ တသားတည်းဖြစ်ပါစေ
လွမ်းဆွတ်လွန်းလို့ ရင်ဝက်ဝက်ကွဲကျေပေါက်ထွက်သွားပါစေ
အတောင်ညောင်းလည်း တောင်ပံတွေတစစီပြုတ်ထွက်ကျိုးကြေပါစေ
မျှော်လင့်ခြင်းကို တင်းတင်းကိုက်ချီလို့ 
ပန်းတိုင်မမြင်သ၍ ငါဟာဘယ်တော့မှ မြေသို့ မသက်ဆင်းစေသား...........။

လင်းလက်
၁၈.၀၅.၂၀၁၂

No comments:

Post a Comment